မွတ်စလင် မျိုးတုံးအောင် ရှင်းနေတာနဲ့တူနေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံက ပြဿနာဟာ မွတ်စလင်တွေကို မျိုးတုံးအောင်ရှင်းတာနဲ့တူနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ပြောကြားပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
နယ်စပ်ဖြတ်လို့ ဒုက္ခသည်ထောင်သောင်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တဖွဲဖွဲဝင်လာနေပြီး စားရမဲ့သောက်ရမဲ့ဘ၀၊ မုဒိမ်းကျင့်ခံရမှုနဲ့ နေအိမ်တွေ လက်လွတ်ဆုံးရှုံးသွားရတာတွေကို အထူးကြေကွဲဖွယ်ပြောပြကြတယ်လို့ UK Metro သတင်းမှာ ဖော်ပြပါတယ်။
ဒီအရေးအတွက် မြန်မာစစ်တပ်နဲ့ အစိုးရအာဏာပိုင်တွေက အပြည့်အ၀တာဝန်ယူရမယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က မနေ့က ကျင်းပတဲ့ ညစာစားပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသွားပါတယ်။
သြဂုတ်လမှာစတင်ပြီး ရိုဟင်ဂျာကျေးရွာတွေအကြမ်းဖက်ခံရမှု ရပ်တန်းကရပ်သွားအောင် ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ဗြိတိန်ဆက်လက်ပါဝင်မယ်လို့လည်း ၀န်ကြီးချုပ် ထရီဇာမေက ဂတိပေးပါတယ်။
ဒီလို မွတ်စလင်တွေ အစုလိုက် အပြုံလိုက်ထွက်ပြေးကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျယ်တ၀င့်ဆွေးနွေးခဲ့တယ်လို့ ကနေဒါ ၀န်ကြီးချုပ် Justin Truden က ဒီနေ့ ပြောကြားလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပြီး ရိုဟင်ဂျာလို့ အမည်တပ်မပြောဘဲ ဒီကိစ္စဟာ ကနေဒါနိုင်ငံအဖို့ အထူးစိုးရိမ်စရာတရပ်ဖြစ်တဲ့အပြင် ကမ္ဘာတစ်ဝန်းက နိုင်ငံတွေများစွာကလည်း စိုးရိမ်ကြပါတယ်လို့ ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဖိလစ်ပိုင် နိုင်ငံမနီလာမြို့မှာ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံ ဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံပါတယ်။ မြန်မာခေါင်းဆောင်တွေကို ဘာအမှာစကားပါးချင်ပါသလဲလို့ သတင်းထောက်တွေကမေးတဲ့အခါ အမေရိကန်ဝန်ကြီးက ကျေးဇူးတင်ပါတယ်လို့ပဲ ဒုက္ခသည်ကိစ္စရှောင်လွှဲဖြေသွားပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံကို ပြန်လာခွင့်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
Photo: Theresa May's twitter

No comments: